DVB Logo
Home
မြန်မာသတင်း
သိန္နီစော်ဘွားနွယ် နန်းယေ့ခမ်း Miss Grand Myanmar အလှမယ်အဖြစ် ရွေးချယ်ခံရ 
DVB
·
June 23, 2025
သိန္နီစော်ဘွားနွယ် နန်းယေ့ခမ်း Miss Grand Myanmar အလှမယ်အဖြစ် ရွေးချယ်ခံရ 
Donate to DVB

ဇွန် ၂၁ ရက်ညက ရန်ကုန်မြို့မှာ ကျင်းပပြီးစီးသွားတဲ့ Miss Grand Myanmar 2025 မြန်မာ့အလှမယ်ပြိုင်ပွဲမှာ Winner ဆုကို ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က ဂျေကေဆိုဖီယာ (ခ) နန်းယေ့ခမ်း (အသက် ၂၁ နှစ်) က ရရှိခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်းအသီးသီးက အလှမယ်ပေါင်း ၂၇ ယောက် ပါဝင်ယှဉ်ပြိုင်ပြီး အလှဆုံးဖြစ်တဲ့ ဆန်ခါတင် ၇ ယောက်ကို မေးခွန်းမဲနှိုက်ပြီး ဖြေဆိုခိုင်းတာမှာ ဆိုဖီယာက “အလှမယ်ပွဲများနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ အထင်လွဲမှားမှုက ဘာလဲ ၊ ဘာကြောင့်လဲ” ဆိုတဲ့ မေးခွန်းကို  ဖြေဆိုရတာပါ။ 

“အလှမယ်ပြိုင်ပွဲဝင်တယ်ဆိုရင် လူအများက  နာမည်ကြီးချင်လို့၊ သူများအာရုံစိုက်တာ ခံချင်လို့၊ ပေါ်ပြူလာဖြစ်ချင်လို့၊ စတားဖြစ်ချင်လို့ပြိုင်တာလို့ ထင်ကြတယ်၊ တကယ်တော့ အလှမယ်ရဲ့ နှလုံးသားထဲမှာ Miss ဆိုတာ လူ့ပတ်ဝန်းကျင် အသိုက်အဝန်းကလူတွေကို ဦးဆောင်သူ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် လှုံ့ဆော်ပေးသူ၊ မိမိအသိုက်အဝန်းကို ကိုယ်စားပြု နေသူဆိုတဲ့ ခံယူချက်နဲ့ ဝင်ပြိုင်တာဖြစ်တယ်” လို့ အင်္ဂလိပ်ဘာသာနဲ့ ဖြေဆိုသွားပါတယ်။ 

ဆန်ခါတင်အလှမယ် ၇ ယောက်ထဲမှာ  ဂျေကေဆိုဖီယာက ထိပ်ဆုံးအလှမယ်အဖြစ် အရွေးခံရပြီး မန္တလေးအလှမယ် မေသဇင်ဦးက Supermodel of the Grand ဆု၊ ဝိုင်းမော်အလှမယ် Hkawng Tsa က Face of the Grand ဆု၊  ရန်ကုန်အရှေ့ပိုင်းအလှမယ် အသင်္ခယာပိုပိုက 1st runner up ပထမ၊   မကွေးအလှမယ် သရဖီမောင်  2nd runner up ဒုတိယ၊ ဗန်းမော်အလှမယ် ဂျူလီထွဲဆန် က 3rd runner up တတိယနဲ့ ဟားခါးအလှမယ် အိမ့်မှူးသွယ်အောင် 4th runner up က စတုထ္ထဆုအသီးသီးရခဲ့ပါတယ်။ 

မြန်မာအလှမယ် ရွေးချယ်ခံရတဲ့ ဆိုဖီယာ ဟာ ဒီပြိုင်ပွဲကနေ Miss MGM အပြင်   People Choice award နဲ့ Best In Talent ဆုကိုလည်း ရခဲ့ပါသေးတယ်။ သူဟာ အမျိုးသားဝတ်စုံပြိုင်ပွဲမှာ ရှမ်းဝတ်စုံနဲ့ ရှမ်းခေါက်ဆွဲရောင်းတဲ့ ရှမ်းဓလေ့ရိုးရာပြသမှုနဲ့ People Choice Awardကို ရခဲ့ပါတယ်။ 

ဆိုဖီယာဟာ ဖခင်ဘက်ရော မိခင်ဘက်ပါ ရှမ်းသွေးစပ်တဲ့ ရှမ်း-ကချင်စပ် တိုင်းရင်းသူ ဖြစ်ပါတယ်။ သူမရဲ့ ရှမ်းအမည်မှာ နန်းယေ့ခမ်း  ဖြစ်ပြီး မောင်နှမ ၅ ယောက်ထဲက အကြီးဆုံးသမီး ဖြစ်ပါတယ်။ ဖခင်က အသံပိုင်းဆိုင်ရာအင်ဂျင်နီယာ စိုင်းအားတွတ် ဖြစ်ပြီး မိခင်မှာ နမ့်ခမ်း ကျေးဇူးကမ္ဘာ ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဂျူလီယာဂျာဆန်  ဖြစ်ပါတယ်။

မိခင်ဖြစ်သူမှာ သိန္နီစော်ဘွားရဲ့ မြေးဖြစ်တာကြောင့် ဆိုဖီယာဟာလည်း သိန္နီစော်ဘွားမျိုးနွယ် ဖြစ်ကြောင်း၊ ရှမ်းနဲ့ ကချင်မှာ ကိုးကွယ်ရာဘာသာ၊ ဓလေ့ထုံးစံ ကွဲပြားမှုရှိပေမဲ့ နှစ်ဖက် ဆွေမျိုးအသိုက်အဝန်းမှာ ခွဲခြားမှုမရှိဘဲ လိုက်လျောညီထွေ ကျင့်သုံးကြောင်း၊ သမီးငယ်စဉ်က မိဘတွေက ဆရာဝန်မကြီး ဒါမှမဟုတ် ပညာရေးမှူးအဖြစ် မျှော်မှန်းပေမဲ့ အရွယ်ရောက်တော့ သမီးမှာ အနုပညာဘက်ကို ဝါသနာပါနေလို့ သမီးဖြစ်ချင်တဲ့အတိုင်း သမီးအိပ်မက်တွေအတိုင်း ဖြစ်လာအောင် မိဘအနေနဲ့ အခက်အခဲတွေ ကျော်ဖြတ်ပြီး အတတ်နိုင်ဆုံး ပံ့ပိုးပေးခဲ့တယ်၊ ဒီလို နိုင်ငံအဆင့် ဆုရမယ်လို့တော့ မမျှော်လင့်ထားဘူး၊ အခုလိုအောင်မြင်တော့ အရမ်းဝမ်းသာတယ်လို့ မိခင်ဖြစ်သူက DVB ကို ပြောပါတယ်။

ဆိုဖီယာဟာ လက်ရှိ MIT (LAP program) မှာ လူမှုရေး အဓိကနဲ့ ပညာသင်ကြားနေပြီး တဘက်ကလည်း ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာမတယောက် ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူနဲ့ ငလျင်ဘေးဒဏ်ခံရသူတွေကို ကူညီတဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့တယ်။ သူမရဲ့ ရည်မှန်းချက်ကတော့ ငြိမ်းချမ်း‌ရေးအတွက် အကျိုးဆောင်သူတယောက် ဖြစ်ချင်တယ်၊ မိမိဘဝက အတွေ့အကြုံတွေကို တပါးသူတွေအတွက် အကျိုးရှိအောင် ပြန်ဝေငှချင်တယ်၊ သူတပါးကို ကူညီနိုင်တဲ့သူ ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

သူဟာ လာမယ့် အောက်တိုဘာလကျရင် ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပမယ့် Miss Grand International 2025 မှာ မြန်မာကိုယ်စားပြုအနေနဲ့ နိုင်ငံတကာအလှမယ်တွေနဲ့အတူ သွားရောက်ယှဉ်ပြိုင်မှာမို့ အခုကတည်းက ND ဆရာတွေနဲ့အတူ စတင်လေ့ကျင့်နေပြီ ဖြစ်ကြောင်း၊ သူဘက်က ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ကူညီပံ့ပိုးသူ မရှိရင်၊ ထောက်ခံအားပေးမယ့်သူ မရှိရင် အောင်မြင်မှုရမှာမဟုတ်တဲ့အတွက် မြန်မာကိုယ်စားပြုအလှမယ် ကမ္ဘာမှာ မျက်နှာမငယ်ရအောင် ဝိုင်းဝန်းအားပေးဝန်းရံပေးဖို့ ပရိသတ်ကို တောင်းဆိုကြောင်း   ဆိုဖီယာက DVB ကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013